Thursday, March 6, 2014

သိမှကျင့် ကျင့်မှရနိုင်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဘဂဝါဂုဏ်ရှင် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်တော်မူသော မြတ်စွာဘုရားအားရှိခိုးပါ၏။

ပဒက္ခိဏာဏိ ကတွာနlလဘန္တတ္ထေ ပဒက္ခိနေ

တေ အတ္ထလဒ္ဓါသုခိတာl ဝိရူဠှာ ဗုဒ္ဓသာသနေ

အရောဂါသုခိတာဟောထlသဟ သဗ္ဗေဟိ ညာတိဘိ။

ပဒက္ခိဏာဏိ- တိုးတက်ကြီးပွားကြောင်း ကောင်းသောအလုပ်တို့ကို။ကတွာန- ပြုလုပ်ကြကုန်သောကြောင့်။ ပဒက္ခိဏေ- ကောင်းမွန်တင့်ဆန်း အထက်တန်းကျကုန်သော။ အတ္ထေ- စည်းစိမ်တက်ဖြိုးကောင်းသော အကျိုးတို့ကို။ လဘန္တိ- ရရှိကြကုန်၏။ အတ္ထလဒ္ဓါ- ကောင်းကျိုးအတိ လက်ရှိဖြစ်ကြကုန်သော။ တေ တုမှေ- သင်တို့သည်။ သုခိတာ-ဆင်းရဲကင်းပျောက ချမ်းသာခြင်းသို့ရောက်ရှိကြကုန်သည်ဖြစ်၍။ ဗုဒ္ဓသာသနေ- ဘရားအဆုံးအမ သာသနာတော်၌။ ဝိရုဠှာ-တစ်ဆင့်ထက်တစ်ဆင့် ကြီးမြင့်ပြန့်ပွားကြကုန်လျက်။ သဗ္ဗေဟိ ဥာတိဘီ-မိသားစုနှင့် ဆွေစုမျိုးစု ချစ်မှုမကင်း သတ္တဝါ ခပင်းတို့နှင့်။ သဟ-အတူတကွ။ အရောဂါ-အနာမရှိ ပကတိ ကျန်းမာကြကုန်သည်။သုခိတာ-ကိုယ် စိတ် ဥစ္စာ သုံးဖြာမကြွင်းချမ်းသာခြင်းသို ရောက်ကြကုန်သည်။ ဟောထ - မုချမသွေ ဖြစ်ကြပါစေကုန်သတည်း။

ဓမ္မ၏ အနက်အဓိပ္ပါယ်မှာ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ အကြောင့်းခြင်းရာတို့၏ ဖြစ်ခြင်းပျက်ခြင်းပြိုကွဲခြင်း သဘော သင်္ခါရတို့ပင်ဖြစ်သည်။ ကြီးကျယ်မြင့်မြတ်သော သစ္စာလေးပါးကို သိပြီးသူနှင့်ဒုက္ခနှင့်ယှဉ်သော အပေါင်းအဖေါ်တို့၏ စက်ကွင်းမှထာဝရ လွတ်မြောက်ပြီးသူတို့သည် သံ့သရာမှ လွတ်မြောက်ကြောင်းဓမ္မကို သိမြင်နိင်သည်။ ထိုသို့သောပုဂ္ဂိုလ် တို့အားဓမ္မစရိယာ တကယ်ကျင့်ကြံသောသူအဖြစ် ခေါ်ဆိုနိုင်၏။ ဓမ္မစရိယ မင်္ဂလာမည်၏။သိမှကျင့် ကျင့်မှရနိုင်၏။

ချစ်မိတ်ဆွေများမောင်ညီမများအားလုံးစိတ္တသုခ ကာယသုခ နှစ်ဖြာသော သုခနှင့်ပြည့်စုံကြပါစေ။ ကြံစည်သမျှအောင်မြင်ကြပြီး ဆောင်ရွက် သမျှ ထမြောက် ပြီးစီးနိုင်ကြပါစေသတည်း

ဖုံးကွယ်ခြင်း သုံးပါး

ဖုံးကွယ်ခြင်း သုံးပါး

“ဟောသည်စာက မိုးကုတ်မြို့၊ အနောက်ပိုင်း၊ပန်းမရွာသစ်၊မွေ့ရာဆိုင်မှ ကိုကျော်မောင်ဆိုသူက မေးလျှောက်တဲ့ စာလွှာဖြစ်ပါတယ် ဘုရား”

“ကိုကျော်မောင်ရဲ့ အမေးက ဘာများတုန်း”

“သူ့အမေးက အချက်နှစ်ချက်ပါပါတယ် ဘုရား၊ပထမအချက်က (၁)ဘုရားကို စေတီကွယ်တယ်၊ (၂)တရားကိုစာပေ(ဓမ္မကထိက)ကွယ်တယ်၊(၃) သံဃာကိုဘုန်းကြီးကွယ်တယ်ရယ်လို့ ပြောနေကြပါတယ်တဲ့၊ဘယ်လိုကွယ်တယ်ဆိုတာ သိချင်ပါသတဲ့။

ဒုတိယအချက်က(၁) အနိစ္စကို သန္တတိဖုံးကွယ်တယ်၊(၂) ဒုက္ခကို ဣရိယာပထဖုံးကွယ်တယ်၊(၃) အနတ္တကို ဃနဖုံးကွယ်တယ်လို့ဟောပြောနေကြပါတယ်၊ ဘယ်လိုဖုံးကွယ်တယ်ဆိုတာ သိချင်ပါသတဲ့ဘုရား”

“အေး- အဲသည်အချက်နှစ်ချက်အနက် ပထမအချက်ကိုဖြေကြစို့ရဲ့”

“မှန်ပါ -ဖြေတော်မူပါဘုရား”

“ဘုရားကို စေတီကွယ်တယ်၊ တရားကိုစာပေကွယ်တယ်၊သံဃာကို ဘုန်းကြီးကွယ်တယ်ဆိုတဲ့ စကားဟာ ခပ်နက်နက်ဆိုထားတဲ့စကားဖြစ်တယ်၊ သည်စကားကိုခပ်ပေါ့ပေါ့တွက်လိုက်လျှင် မလိုလားအပ်တဲ့ အနက်များပေါ်လာနိုင်တယ်ကွယ့်”

“ဘယ်လိုမလိုလားအပ်တဲ့ အနက်ပါလဲဘုရား”

“ဘုရားကို စေတီကွယ်တယ်ဆိုတော့ စေတီတွေရှိနေသမျှဘုရားစစ်ကို မတွေ့ရဘူး၊ စေတီတွေပျောက်ကွယ်မှာသာ ဘုရားစစ်ကိုတွေ့ လိမ့်မယ်လို့အဲသည်လို မလိုလားအပ်တဲ့အနက်တွေ ဖြစ်လာတက်တယ်၊ သည်ကတစ်ဆင့် တက်ခဲ့လျှင် ကျောက်ဘုရား၊အုတ်ဘုရားရုပ်ပွားတော်,ဆင်းတုတော်, စေတီတော်, ပုထိုးတော်တွေဟာ မည်သို့သော နိဗ္ဗာန်ရောက်ကြောင်းတရားကိုမျှဟောပြနိုင်စွမ်းမရှိတဲ့အတွ က်ဂုဏ်တော်ကိုးပါးဘုရားစစ်မဟုတ်ဘူး၊ဘုရားစစ် မဟုတ်တာကိုဆည်းကပ်ကိုးကွယ် နေသမျှကာလပတ်လုံး စစ်မှန်သောဘုရားရှင်နှင့် မတွေ့ဘူးလို့ အဲသည်လိုအယူလွဲတက်တယ်၊အမှန်ကတော့ ဘုရားရှင် ခန္ဓပရိနိဗ္ဗာန်ဝင်စံတော်မူပြီးတဲ့နောက် ကြွင်းကျန်သောသာသနာတော်အတွက် ဘုရားရှင်ဟာ ဓာတုစေတီဆိုတဲ့ ဓာတ်တော်တွေ၊ဓမ္မစေတီဆိုတဲ့ အသုံးအဆောင်များကိုကိုယ်စားတော်အဖြစ် ထားခဲ့တယ်၊ သက်တော်ထင်ရှားဘုရားရှင်မရှိတဲ့နောက် သည်စေတီတော်တွေဟာဘုရားရှင်ရဲ့ ကိုယ်စားတော်တွေပင်ဖြစ်ကြတယ်၊ဒါကြောင့် သည်စေတီတော်များကို ဖူးမြင်ရခြင်းဟာသက်တော်ထင်ရှားဘုရားရှင်ကို ဖူးမြင်ရခြင်းနှင့် အတူတူပဲ၊သည်အကြောင်းကို ဝိမာနဝတ္ထုပါဠိတော်မှာ -တိဋ္ဌန္တေနဗ္ဗူတေ စာ ပိ၊ သမေစိတ္တေ သမံ ဖလံ။ စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ ။ လို့ပြထားတယ်ကွယ့်”

“မှန်ပါ -အဲသည်ဂါထာ အနက်ဖော်ပေးပါဦးဘုရား”

“အနက်ကတော့သည်လို့ကွယ့်၊တိဋ္ဌန္တေစ -သက်တော်ထင်ရှားမြတ်စွာဘုရား၌လည်းကောင်း၊ နိဗ္ဗူတေ စ - ပရိနိဗ္ဗာန်ဝင်စံကြွသွားမြတ်စွာဘုရား၏ လေးပါးသော စေတီတော်၌လည်းကောင်း၊စိတ္တေ-ကြည်ည်လိုသောစိတ် ပြစ်မှားလိုသောစိတ်သည်၊သမေ -တူမျှသည်ရှိသော်၊ဖလံ - ကောင်းကျိုးဆိုးကျိုးသည်သမံ-တူမျှလေ၏၊ ကသ္မာ-အဘယ်ကြောင့်နည်းဟုမူကား၊ ဟိယသ္မာ-အကြင်ကြောင့်၊စေတောပဏိဓိဟေတု ဟိ -စိတ်ထားကောင်းသောကြောင့်သာလျှင်၊ သတ္တာ-သတ္တဝါတို့သည်၊သုဂတိံ-သုဂတိဘဝသို့၊ ဂစ္ဆန္တိ -လားကြရကုန်၏၊ တသ္မာ-ထို့ကြောင့်၊ဖလံ -ကောင်းကျိုး ဆိုးကျိုးသည်၊သမံ - တူမျှလေ၏”တဲ့ကွယ်။

သည်ဂါထာတော်အရ သက်တော်ထင်ရှားဘုရားနှင့်စေတီတော်ဟာ အတူတူပါပဲ၊ ဘုရားရှင်ရဲ့သာသနာတော်မှာသာသနာတော်ကိုထိန်းတဲ့ စေတီတော်တွေမရှိဘူးဆိုလျှင် သာသနာတော်ကွယ်တာပါပဲ၊ပရိယတ္တိသာသနာ, ပဋိပတ္တိသာသနာ,အဓိဂမသာသနာ, လိင်္ဂသာသနာ,ဓာတုသာသနာဆိုတဲ့သာသနာတော် ငါးပါးမှာဓာတုသာသနာတော်ဟာ နောက်ဆုံးကွယ်တဲ့ သာသနာတော်ဖြစ်တယ်၊ဘုရားရှင်ရဲ့ ဓာတ်တော် မွေတော်ဟာ သာသနာတော်ကွယ်သည့် တိုင်အောင် လူနတ်ဗြဟ္မာတို့ရဲ့ ကောင်းကျိုးအတွက်တည်နေကြပါသေးတယ်၊နောက်ဆုံး လုံးဝကိုးကွယ်ပူဇော်သူမရှိတော့ဘူးဆိုမှ ကွယ်ပျောက်တော်မူကြတယ်၊ဒါကြောင့် စေတီတော်ဆိုတာ ဘုရားရှင်နှင့်အတူတူပါပဲ၊ ဘုရားရှင်နှင့် အတူစိတ်ထားနိုင်လျှင်ကောင်းကျိုးလည်းတူပါတယ်၊ စေတီတော်ကို ပူဇော်လို့ကောင်းကျိုးရတဲ့ ဝတ္ထုသာဓကတွေ အများအပြားရှိသလိုစေတီတော်ကို ပြစ်မှားမိလို့မကောင်းကျိုးရတဲ့ဝတ္ထုသာဓကတွေလည်း အများအပြားရှိပါတယ်။

ထိုထိုဝတ္ထုသာဓကတွေကို ထောက်ဆကြည့်ပါလျှင်သက်တော်ထင်ရှားဘုရားရှင်နှင့် စေတီတော်ဟာ အတူတူပါပဲ၊လောကီဥပမာအားဖြင့် နံ့သာပင်ကြီးသေသွားပြီးတဲ့နောက်နံ့သာသားတွေဟာ နံ့သာပင်ကြီးကဲ့သို့လူတို့ရဲ့ အကျိုးကို ဆောင်နေသလိုဘုရားရှင်မရှိတဲ့နောက် စေတီတော်တွေဟာ ဘုရားရှင်ကဲ့သို့ လူနတ်ဗြဟ္မာတို့ရဲ့ အကျိုးကိုသယ်ပိုးဆောင်ရွက်ဆဲရှိနေပါတယ်၊ သည်အထောင်အထားကို ကြည့်ပြီးဘုရားကို စေတီကွယ်တယ်လို့ခပ်ပေါ့ပေါ့ မဆိုသင့်ပါဘူး၊ မဆိုသင့်ပါဘဲ ဘာကြောင့်ဆိုထားတာလဲ ဆိုလျှင် ဆိုသင့်တဲ့အကြောင်းလည်းရှိသေးလို့ပါပဲ၊ ဆိုသင့်တဲ့အကြောင်းက ဘုရားရှင်ကို အာရုံပြုတဲ့ အနုဿတိတရားဆိုတာအပြင်ဒြပ်မျှဖြစ်တဲ့ ဘုရားရှင်ရဲ့ ရုပ်ပုံတော်ကို အာရုံပြုရမှာမဟုတ်ဘူး၊အရဟံအစ ဘဂဝါအဆုံးရှိတဲ့ဘုရားရှင်ရဲ့ဂုဏ်တော်များကို အဖန်တလဲလဲအောက်မေ့ရမှာ ဖြစ်တယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာဗုဒ္ဓါနုဿတိအခန်းမှာ “ဤဆိုလတ္တံ့သည်ကားထိုဂုဏ်တော်ကိုးပါး၌ အဖန်တလဲလဲအောက်မေ့ရပုံနည်းတည်း၊ ထိုမြတ်စွာဘုရားသည်ဤသို့သော အကြောင်းကြောင့်လည်းအရဟံမည်တော်မူ၏”စသော အားဖြင့် ဖွင့်ပြထားတယ်၊ဘုရားရှင်ရဲ့ဂုဏ်တော်ကို ပွားများအောက်မေ့ရမည့်နေရာတွင်စေတီတော်က ကွယ်နေသည်မည်တယ်၊အဲသည်လိုစေတီမကွယ်ဘဲ ဂုဏ်တော်ကို သတိရဖို့ အတွက် ဘုရားကို စေတီကွယ်တယ်လို့ ပြောဆိုကြခြင်းဖြစ်တယ်ကွယ့်”

“မှန်ပါ -တရားကို စာပေကွယ်တယ်ဆိုတာလည်းအမိန့်ရှိပါဦ”

“တရားဆိုတာ ဘုရားရှင် ၄၅-ဝါကာလအတွင်းဟောကြားတော်မူခဲ့တဲ့ပိဋတ်တော်တွေပဲ၊ ပိဋကတ်တော်ကို ဟောကြားသူကဓမ္မကထိက, ပိဋကတ်တော်ရေးမှတ်ထားတာက စာပေ,ဟုတ်ရဲ့လား”

“ဟုတ်ပါတယ် ဘုရား”

“ပိဋကတ်တော်ဟာ ဆောင်ထားသူ၊ ဟောကြားသူမရှိသော်လည်းကောင်း၊ပ-ပုရပိုက်, စာရွက်, ကျောက်သားစသည်တို့အပေါ် ရေးမှတ်ထားခြင်း မရှိသော်လည်းဤကမ္ဘာမှာတည်နေနိုင်ပါ့မလား”

“တည်နိုင်မည်မဟုတ်ပါဘုရား”

“အေး- သည်လိုဆိုလျှင် တရားတော်ကို စာပေကွယ်တယ်၊ဓမ္မကထိကဘာဏကဆောင်များ ကွယ်တယ်လို့ကောဆိုသင့်ပါရဲ့လား”

“မဆိုသင့်ပါ၊တရားတော်ဟာ စာပေနှင့်ဓမ္မကထိကပုဂ္ဂိုလ်ဘာဏကဆောင်ပုဂ္ဂိုလ် စာသင်စာချပုဂ္ဂိုလ်များကြောင့် ထွန်းလင်းတောက်ပလာတယ်လို့သာ ဆိုသင့်ပါတယ်ဘုရား”

“ဟုတ်တာပေါ့ကွယ်၊ ယခု သာသနာတော်ရဲ့အသက်ဟာ၂၅၀၀-က ကျော်လွန်လာပြီ၊ သည်မျှရှည်ကြာအောင် သာသနာတော်ကို ဘယ်သူတွေ သယ်ဆောင်လာခဲ့တာလဲဆိုလျှင်ဘာဏကဆောင်ပုဂ္ဂိုလ်ေ တွ,စာသင်စာချပုဂ္ဂိုလ်တွေနှင့် စာပေတွေက သယ်ဆောင်လာခဲ့တာပဲကွယ့်၊နောင်အခါလဲ ဤပုဂ္ဂိုလ်များ စာပေများကသာသနာတော်ကို ဆောင်ယူသွားကြလိမ့်ဦးမယ်၊ သာသနာတော်ကိုဆောင်ယူသွားကြမည့် ပုဂ္ဂိုလ်များ စာပေများမရှိတော့လျှင်သာသနာတော်ကွယ်ပြီလို့ ဆိုရတော့မှပဲ၊ဟုတ်ရဲ့လား”

“ဟုတ်ကြောင်းပါဘုရား”

“အဲသည်အကြောင်းများကြောင့် တရားတော်ကိုစာပေကလည်းမကွယ်ပါဘူး၊စာချပုဂ္ဂိုလ်, စာသင်ပုဂ္ဂိုလ်,တရားဟော ပုဂ္ဂိုလ်တို့ကလည်း မကွယ်ပါဘူး၊မကွယ်သည့်ပြင် ထွန်းလင်းတောက်ပအောင်သာ ပြုလုပ်ကြပါတယ်၊ သို့သော်လည်း တရားကို စာပေကွယ်တယ်ဆိုတဲ့စကားရဲ့ဆိုလိုရင်းက ဘုရားရှင်ရဲ့ တရားတော်ဟာ အလှကြည့်ဖို့,အပျော်နားထောင်ဖို့ မဟုတ်ဘူး၊ကျင့်သင့်တာကို ကျင့်ဖို့၊ရှောင်သင့်တာကို ရှောင်ဖို့ ဟောထားတာဖြစ်တယ်၊အကြင်ပုဂ္ဂိုလ်ဟာ တရားတော်ကိုစာပေ၌မျှသာ ဆုံးနေမည်၊ ဓမ္မကထိက၏အသံမျှ၌သာ ဆုံးနေမည်ဆိုပါလျှင် ထိုပုဂ္ဂိုလ်များကို ရည်ရွယ်ပြီး တရားကိုစာပေကွယ်တယ်,ဓမ္မကထိကကွယ်တယ်လို့ ရှေးဆရာများက ဆိုခဲ့ကြခြင်းဖြစ်တယ်ကွယ့်၊ရှင်းပါရဲ့လား”

“မှန်ပါ -ရှင်းပါတယ် ဘုရား၊ သံဃာကိုဘုန်းကြီးကွယ်တယ်ဆိုတာလည်း အမိန့်ရှိပါဦးဘုရား”

“သံဃာကိုဘုန်းကြီးကွယ်တယ်ဆိုတဲ့ စကားကလည်းအနုဿတိဆယ်ပါးကသံဃာနုဿတိကို ရည်ညွှန်းတဲ့စကားပဲကွယ့်၊သံဃာ နုဿတိ -သံဃာတော်ကို အဖန်တလဲလဲအောက်မေ့နေရမယ်ဆိုသော်လည်း ဝါဝါဝတ်ထားသော ဘုန်းကြီးအပေါင်းကို ဆိုလိုသည်မဟုတ်၊ ထိုဘုန်းကြီးအပေါင်းရဲ့သန္တာန်မှာတည်ရှိတဲ့ သုပ္ပဋိပန္နအစ ပုညက္ခေတံ္တအဆုံးရှိတဲ့ဂုဏ်တော်ကို ဆင်ခြင်ပွားများရမှာဖြစ်တယ်၊အတွင်းက ဂုဏ်တော်ကို မမြင်ဘဲ အပြင်အပသဏ္ဌာန်မျှကိုသာမြင်နေလျှင် ဂုဏ်တော်ကိုပုဂ္ဂိုလ်ကဖုံးနေလို့သံဃာကို ဘုန်းကြီးကွယ်တယ်လို့ ဆိုကြတာပဲ၊သို့သော်လည်း သည်အဓိပ္ပာယ်ကိုသည်လို မကောက်ယူဘဲဘုန်းကြီးတွေဟာ သံဃာမဟုတ်ဘူး၊ ဘုန်းကြီးတွေ ရှိနေသမျှ သံဃာအစစ်ကို မတွေ့ဘူးလို့ ယူဆခဲ့လျှင်အယူအဆတွေချွတ်ချော်ပြီး “ဘုန်းကြီးမပါ၊ သံဃာဆွမ်းကျွေး”ဆိုတဲ့ ဂိုဏ်းထဲပါသွားတက်တာပေါ့ကွယ့်၊ဒါကြောင့်မို့ သည်စကားသုံးရပ်ဟာ နက်နက်တွေးမှ အဖြေမှန်ပေါ်တယ်၊ ပေါ့ပေါ့တွေးလျှင် အယူမှားဖြစ်တက်တာမို့လေးလေးနက်နက်ယူဆကြဖို့ သတိပေးလိုက်ပါတယ်ကွယ်”

“ဒုတိယအချက် ဖုံးကွယ်ခြင်းသုံးပါးကိုလည်းအမိန့်ရှိပါဦး ဘုရား”

“အနိစ္စကို အန္တတိဖုံးကွယ်တယ်၊ ဒုက္ခကိုဣရိယာပထဖုံးကွယ်တယ်၊အနတ္တကို ဃနဖုံးကွယ်တယ်ဆိုတဲ့စကားကို သမ္မောဟ ဝိနောဒနီ အဋ္ဌကထာ အာယတနဝိဘင်္ဂမှာဖွင့်ပြထားပြီး ဖြစ်တယ်ကွယ့်”

“ဘယ်လိုဖွင့်ပြပါသလဲဘုရား၊အမိန့်ရှိပါဦး”

“ဖွင့်ပြပုံက ဒီလိုကွယ့်၊ အနိစ္စ, ဒုက္ခ,အနတ္တဆိုတဲ့သည်တရားသုံးပါးတို့ဟာ အမှန်ထင်ရှားသော တရားဖြစ်ပါလျက် အဘယ်ကို နှလုံးမသွင်းခြင်းကြောင့်မထင်သလဲ၊အဘယ်ကိုထိုးထွင်း၍ မသိခြင်းကြောင့်မထင်သလဲ၊အဘယ်တရားဖြင့် ဖုံးလွှမ်းခြင်းကြောင့်မထင်သလဲ၊ဤသို့ မေးငြားအံ့-အနိစ္စမထင်သော အကြောင်းကိုရှေးဦးစွာငါဆိုမယ်တဲ့၊ အနိစ္စဆိုတဲ့မမြဲသောတရားဟာ ဧကန်ရှိသောတရားဖြစ်သော်ငြားလည်းရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို နှလုံးမသွင်းခြင်းကြောင့်ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို ထိုးထွင်းပြီးမသိဘူး၊အဖြစ်အပျက်ကို မသိတဲ့အတွက်သန္တတိဆိုတဲ့ရုပ်အစဉ် နာမ်အစဉ် ဖုံးလွှမ်းနတယ်၊ဒါကြောင့်အနိစ္စကု မထင်ခြင်းဖြစ်သတဲ့၊ ဒုက္ခတရားဟာလည်းထင်ရှားရှိပါလျက် ရုပ်နာမ်တို့ရဲ့ ဇာတိ, ဇရာ, ဗျာဓိ, မရဏတို့ကို နှလုံးမသွင်းတဲ့အတွက်ရုပ်နာမ်တို့ရဲ့ ဇာတိ,ဇရာ, ဗျာဓိ,မရဏတို့ကို နှလုံးမသွင်းတဲ့အတွက်ရုပ်နာမ်တို့ရဲ့ဖြစ်ခြင်း,ရင့်ရော်ခြင်း, နာကျင်ခြင်း, ပျက်ခြင်းတို့ကိုမမြင်ဘူး၊ မမြင်ခြင်းကြောင့်လျောင်း-ထိုင်-ရပ်-သွားလေးပါးသော ဣရိယာပုတ်တို့ပြောင်းလဲပေးခြင်းဖြင့် ချမ်းသာသလိုလိုထင်နေတယ်၊ဒါကြောင့် ဒုက္ခတရားကို ဣရိယာ ပုတ်က ဖုံးလွှမ်းနေသတဲ့၊ ခန္ဓာကိုယ်အတွင်းမှာ ခိုင်မာသောအတ္တအနှစ်မရှိရိုးမှန်သော်လည်း အတူးထူးသောဓာတ်ကိုအသီးသီးခွဲခြမ်းခြင်း မရှိတဲ့ အတွက်ဓာတ်အသီးသီးအကြောင်းအကျိုး ဆက်သွယ်နေတာကိုမမြင်ဘူး၊ အကြောင်းအကျိုး ဆက်သွယ်နေတာကိုမမြင်တဲ့အတွက် သန္တတိဃန ဖုံးလွှမ်းနေတယ်၊သန္တတိ ဃနဖုံးလွှမ်းနေလို့အနတ္တကို မထင်ဘူးလို့ဖွင့်ပြထားတယ် “သည်လိုဆို အနိစ္စ,ဒုက္ခ, အနတ္တထင်အောင်သည်ဖုံးလွှမ်းထားတာတွေကို ဘယ်လိုလုပ်ပစ်ရမှာလဲဘုရာ့”

“အနိစ္စ, ဒုက္ခ,အနတ္တထင်အောင် ပြုလုပ်နည်းကိုလည်းသမ္မောဟဝိနောဒနီမှာ ဖွင့်ပြထားပါတယ်”

“အမိန့်ရှိဦးဘုရား”

“သမ္မောအဋ္ဌကထာမှာ ဖွင့်ပုံက ဖြစ်ခြင်းပျက်ခြင်းကိုသိမ်းဆည်းပြီးသန္တတိကို ဖျက်ဆီးလိုက်ရင် အနိစ္စလက္ခဏာကိုမဖောက်မပြန် အမှန်အတိုင်းမြင်နိုင်သတဲ့၊မပြတ်ပြင်းစွာနှိပ်စက်ခြင်းကို နှလုံးသွင်းပြီးလျောင်း-ထိုင်-ရပ်-သွား လေးပါးသောဣရိယာပုတ်ကို ခွာကြည့်လိုက်လျှင် ဒုက္ခလက္ခဏာကိုမဖောက်မပြန်အမှန်အတိုင်း မြင်နိုင်သတဲ့၊အထူးထူးသောဓာတ်တို့ကို အသီးသီးခွဲခြမ်းပြိး အစိုင်အခဲထင်နေတဲ့ဃနကို ခွဲကြည့်လိုက်လျှင်အနတ္တလက္ခဏာကိုမဖောက်မပြန် အမှန်အတိုင်းမြင်နိုင်သတဲ့၊သည်လောက်ဆိုလျှင် ကိုကျော်မောင်ရဲ့အမေးဟာပြောလောက်ပါပြီ၊ အကျယ်သိချင်ပါကသေမ္မောဟဝိနောဒနီအဋ္ဌကထာ ဇမ္ဗူ့မိတ်ဆွေမူစာမျက်နှာ၄၃-မှာ ကြည့်ရှုပါလို့ ညွှန်ကြားလိုက်ပါတယ်ကွယ်”

“သာဓု- သာဓု - သာဓု”

***ဆက်ရန်*** ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၇၈) -မဟာပါပလေးပါး

***ကောက်နုတ်ချက်*** နိုင်ငံတော် သြဝါဒါစရိယ၊မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး) ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများအတွဲ(၂) (စာမျက်နှာ ၂၀၂ - ၂၀၈) မှ ကောက်နုတ်ပူဇော်ပါသည်။

"ထေရဝါဒရနံ့" မှ ပြန်လည်ရေးသားပူဇော်ပါသည်။

ဓာရဏပရိတ်တော်

ဓာရဏပရိတ်တော်

ဓာရဏသုတ်တော်( ဖြစ်စဉ်)

ဂေါတမ မြတ်စွာဘုရားသည် ညီတော် အာနန္ဒာအား ဓာရဏသုတ်တော်ကို ဟော၍ လူဒါယကာ-ဒါယိကာမတို့အား တစ်ဆင့် ဟောကြားရန်၊ ရှင်းလင်း သင်ပြရန် အမိန့်ရှိသော သုတ်တော် ဖြစ်ပါသည်။

ဓာရဏ ပရိတ်တော်တွင် ၀ိပဿိ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ……ကောဏာဂုံ၊ ကဿပ၊ ဂေါတမ တည်းဟူသော ဘုရားခုနှစ်ဆူအား ရှိခိုးပါ၍ ကျရောက် လတ္တံ့သော ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းအောင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဂုဏ်တော် ကျေးဇူးတော်တို့ကို ဖွဲ့ဆိုထားသည်မှစ၍ ဓာရဏသုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါ သတည်း။

တိုက်တွန်းချက်။ ။ ဓာရဏပရိတ်တော်သည မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ အာဝေဏိကဂုဏ်တော် ၁၈-ပါးကို ဖော်ပြထားသည်။ ဤဂုဏ် ၁၈-ပါးသည် မြတ်စွာဘုရား၏ သီးခြား ကိုယ်ပိုင် ဂုဏ်တော်များ ဖြစ်သည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်မျိုး မရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌ သော်မှ ဤ ဂုဏ်သတ္တိမျိုး မရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော်တို့ကို ချီးကျူး ပူဇော်ခြင်းပင် ဖြစ်သည်။

ကောင်းမြတ်သော စေတနာဖြင့် တာဝန် ၀တ္တရားများကို ထမ်းဆောင်နေသူ အားလုံးတို့သည် ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင် သည်။ အ,ကာလ မရဏနှင့် မတွေ့ကြုံရ-မတွေ့ ကြုံနိုင်။

အ,ကာလ မရဏ ဆိုသည်မှာ သူတစ်ပါး လက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ ကျားကိုက် သေရခြင်း၊ ချောက်ကမ်းပါးက သေရခြင်း၊ ကားမှောက်၍ သေရခြင်း စသည့် ဥပစ္ဆေဒက ကံကြောင့် သေရခြင်းမျိုးများကို ဆိုသည်။ ဓာရဏ ပရိတ်ကို ရွတ်ဖတ်သူမှာ အ,ကာလ မရဏ အမျိုးမျိုးတို့မှ လွတ်မြောက်သည်။

သတ္တ၀ါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာ ဖြစ်သည်။ အ,ကာလ မရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆေဒက ကံကြောင့် မသေရ၊ မသေနိုင်ခြင်းကို ဆိုသည်။ ဖြစ်မြဲ ဓမ္မတာအရ သေချိန်ကျမှသာ သေရသည်။

ရှင်းပြပါဦးအံ့-သေရခြင်း လေးမျိုးရှိသည်။ (၁) အသက်တမ်း ကုန်၍ သေရခြင်း “အာယုက္ခယမရဏ”၊ အသက်တစ်ရာတမ်း၌ အနှစ်တစ်ရာ ပတ်ဝန်းကျင်မျှသာ နေကြရသည်။ မြတ်စွာဘုရားသော်မှ အနှစ် ၈၀-သာ နေရသည်။

(၂) ကံကုန်၍ သေရခြင်း “ကမ္မက္ခယမရဏ”။ မိမိ ကုသိုလ်ကံအလျောက်သာ နေရသည်။ ကံကုန်လျှင် အရွယ် ကောင်းတုန်း၌လည်း သေရသည်။ နို့စို့ အရွယ် စသည်၌လည်း သေရသည်။

(၃) သက်တမ်းနှင့် ကံ ၂-ပါးလုံး ကုန်၍ သေရခြင်း “ဥဘယက္ခယမရဏ”။

(၄) အထက် မရဏ ၃-မျိုးမှ တစ်ပါး အခြားပယောဂ တစ်ခုခုကြောင့် သစ်စိမ်းချိုး ချိုးဖြတ်သကဲ့သို့ သေရခြင်းမျိုး “ဥပစ္ဆေဒက မရဏ” ဟူ၍ သေရခြင်းမျိုး ၄-မျိုးရှိသည်။

ပထမ သေခြင်း ၃-မျိုးကို ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သော်မှ မလွန်နိုင်။ ယင်း မရဏ ၃-မျိုးမှာ သေရိုး သေစဉ် ဓမ္မတာ မရဏ ဖြစ်သည်။

ဥပစ္ဆေဒက မရဏကို အ,ကာလမရဏ ဟု ခေါ်သည်။ သေချိန် မရောက်သေးဘဲ သေရခြင်းသည် အ,ကာလ မရဏ ဖြစ်သည်။ ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ခြင်း အားဖြင့် အ,ကာလ မရဏကို တားမြစ် ပယ်ဖျောက်နိုင်သ ည်။ စေတနာ ဖြူစင်သူတို့ အ,ကာလ မရဏမှ ကင်းလွတ်ကြပါစေသော်။

ဓာရဏသုတ် (ပါဠိတော်) နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။

၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗွံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ၊ သဗ္ဗံ ၀စီကမံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗံ္ဗ မနောကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ။

၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ပညာယ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ၊

၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ၊ နတ္ထိ ရ၀ါ၊ နတ္ထိ အ,ဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အ,ဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံ ဓာရဏံ အ,မိတံ အ,သမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။

၇။ ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ၀ါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ၀ိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊ အဂၢိ န ဍေဟယ်၊ နာနာဘယ၀ိကော၊ န ဧကာဟာရကော၊ နဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုေဿဟိ အ,မနုေဿဟိ န ဟိံသကာ။

၈။ တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ၀တ္တေ အ,၀တ္တေ၊ ဂန္ဓဝေ အ,ဂန္ဓဝေ၊ နောမေ အ,နောမေ၊ သေဝေ အ,သေဝေ၊ ကာယေ အ,ကာယေ၊ ဓာရဏေ အ,ဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ။ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဓာရဏသုတ် (မြန်မာပြန်)

၁။ မြတ်စွာဘုရားတို့၏ အသက်၏ ဘေးအန္တရယ်ကို တစ်စုံတစ်ယောက်သော သူသည် ပြုခြင်းငှာ မတတ်နိုင်။ ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေသတည်း။

၂။ ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီးသော အဖို့၌ /နောင်လာလတ္တံသော အနာဂတ်အဖို့၌ / ပစ္စုပ္ပန် မျက်မှောက် ဖြစ်သော အဖို့၌ အတားအဆီးအပိတ်အပင် မရှိသော ဥာဏ်တော်သည် ဖြစ်၏။

၃။ သုံးပါးကုန်သော ဤကျေးဇူးတရားတော်တို့နှင့်ပြည့်စုံတော်မူသော ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား အလုံးစုံသော ကိုယ် / နှုတ် / နှလုံး ဖြင့်ပြုလုပ်သော အမှုသည် ဥာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည်။ ဥာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည် ဖြစ်၏။

၎။ ခြောက်ပါးကုန်သော ဤ ကျေးဇူးတရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား သတ္တ၀ါတို့၏ အကျိုးစီးပွားကိုပြုလိုသော ဆန္ဒတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ တရားတော်ကို ဟောပြောခြင်း၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ သူတစ်ပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း ၌ လုံ့လ၀ီရိယတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာ သုံးပါးဖြင့် ရှုမှု ဥာဏ်တော်၏ ဆုတ်ယုတ်ခြင်းသည မရှိ။ စိတ်တည်ကြည်မှု သမာဓိတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ အရဟတ္တဖိုလ်ကို ၀င်စားတော် မူခြင်း၏ ဆုတ်ယုတ်ခြင်းသည် မရှိ။

၅။ တစ်ဆယ့်နှစ်ပါးကုန်သော ဤကျေးဇူးတရားတော်တို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည် မရှိ။ သတိလွတ်၍ ချွတ်ယွင်းပြောဆိုခြင်းသည် မရှိ။ ဥာဏ်တော်ဖြင့်မတွေ့မထိ မသိအပ်သောတရားသည် မရှိ။ဥာဏ်ဖြင့် မဆင်မခြင် အဆောတလျင် ပြုသောအမှုသည် မရှိ။ သူတစ်ပါးတို့အတွက် ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်သည် မရှိ။ ဥာဏ်ဖြင့် မဆင်မခြင် လျစ်လျူရှုသောအမှုသည် မရှိ။ တစ်ဆယ့် ရှစ်ပါးကုန်သော ဤ ကျေးဇူးတရားတော်တို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ခြောက် ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏ ။ ခုနှစ်ဆူကုန်သော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပါ၏။

၆။ ၀ိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား ကိုယ်ဖြင့်ပြုလုပ်သောမကောင်းမှု ” ကာယဒုစရိုက် ” /နှုတ်ဖြင့်ပြုလုပ်သော ” ၀စီဒုစရိုက် “/ စိတ်ဖြင့် ပြုလုပ်သော” မနောဒုစရိုက် ” / သည် မရှိ။ လွန်လေပြီးသော အဖို့ကာလ/နောင်လာလတ္တံသော အဖို့ကာလ /မျက်မှောက်သော အဖို့ကာလ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ဆီးတားပိတ်ပင်ခြင်းရှိသော ဥာဏ်တော်သည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံသော ကိုယ်/ နှုတ် /စိတ် သုံးပါး ဖြင့်ပြုလုပ်သောအမှုသည် ဥာဏ်တော်လျှင် ရှေ့သွားမရှိခြင်းသည် မရှိ။ ဥာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် မနှိုင်းယှဉ်အပ် ။ တူမျှခြင်းလည်းမရှိ။ ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏ မိုခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်းရာလည်း ဖြစ်၏၊ သံသရာဘေးကိုကြောက်ရွံသော သူတို့၏ အလွန်မြတ်သော အရံအတားဖြစ်၏။ ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံအတားဖြစ်၏။

၇။ ချစ်သားအာနန္ဒာ ဤတန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သော ဓာရဏပရိတ်တော်ကိ ရွတ်ဆောင်လော့။ မှတ်သားလော့။ မေးမြန်းစူးစမ်း ဆင်ခြင်လော့။ ထိုသို့ ရွတ်ဆောင်မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သော သူ၏ ကိုယ်၌ မြွေနဂါး စသည်တို့၏ အဆိပ်သည် မကျရောက်နိုင်။ ရေ၌ မငြိတွယ် မနစ်မွန်းရာ။ မီးသည် မလောင်ကျွမ်းရာ။ အထူးထူး အပြားပြား များစွာသော ဘေးရန်တို့သည် မထိရောက်နိုင်ရာ။ မကောင်းကြံသောသူသည်လည်း မကြံနိုင်ရာ။ ရူးသွပ် ပျံ့လွင့်သော အနာလည်းမဖြစ်နိုင်ရာ။ တွေဝေမိုက်မဲသောအနာလည်းမဖြစ်နိုင်ရာ။ လူတို့သည် လည်းကောင်း၊ ဘီလူးတို့သည် လည်းကောင်း မညှဉ်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ။

၈။ ထိုဓာရဏပရိတ်တော်သည် အဘယ်သည်တို့နည်း ဟူမူကား စကြ၀ဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ဘေးရန် အန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်းပယ်ေ ဖျာက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ နတ် ၊ သိကြား ၊ နဂါး ၊ ဂဠုန် ၊ ကုမ္ဘဏ် ၊ ဘီလူး ၊ ရက္ခုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နဲ့တူသော ဘုန်းတန်းခိုးရှိန်စော် အာနုဘော်ရှိ၏။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်လိုသော သူဟုဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းတို့ကိုလည်း ပယ်ရှားတားမြစ်နိုင်၏။ ကပ်သုံးပါးတို့မှ ကင်းလွတ်စေနိုင်၏။ အမိဝမ်းတွင်း၌ ပိသန္ဇေ နေသော်လည်း အ,ခြင်း ၊ ဆွံ့ခြင်း၊ နားပင်းခြင်း၊ ရှုးသွပ်ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်၏။ သစ်ပင် တောင်ကမ်း ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ။ မရသေးသော စည်းစိမ်ချမ်းသာ ၊ ဥစ္စာရတနာ အပေါင်းတို့ကိုလည်း ရစေနိုင်၏။ ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်း တို့ကိုလည်း ကြီးကျယ်ပြန့်ပွားများစေ၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပျောက်၍ အလင်းရောက်နိုင်၏။

၉။ ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုေ ကုန်သော ဘုရားရှင်တို့သည် ဟောတော်မူအပ်ပြီ ။ မကောင်းသဖြင့် ကြံသော သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဓား ၊ လှံ ၊ လေး ၊ မြှား ၊ လက်နက် မီးပေါက်အမြှောက အစရှိသော ဘးတို့သည်လည်း မထိရောက်စေနိုင် ။ မန္တန်၊ မန္တရားဂါထာ၊ အင်းအိုင် တို့သည်လည်း ထက်မြက်စေနိုင်၏။ ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်စေနိုင်၏။ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုး တို့သည်လည်း မထိရောက်နိုင်။ ကြိုး၊ ထိပ်၊ သံခြေကျင်း ၊ ကပ်ဖိ၊ တွင်းလှောင်၊ ပင်းသကား၊ လည်ထောက် ကိုလည်း လွတ်စေနိုင်၏။ ဤမှန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း သင့်အား ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။

ဓာရဏပရိတ်တော် (ရွတ်ဖတ်ခြင်း၏အ ကျိုးကျေးဇူး) ဓာရဏသုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်ပွားများ သရဇ္ဈာယ်ပါက ဘေးရန် ကင်းရှင်းပါသည်။ အခြားသော ရန်သူ၊ မနာလိုသူများက ရန်ပြုခြင်း၊ ဆေးပါးခပ်ခြင်း အဆိပ်ခပ်ခြင်းတို့မှ ကင်းဝေးစေပါသည်။ မြွေ၊ ကင်းစသော အဆိပ်ပြင်းထန်သော သတ္တ၀ါတို့၏ ကိုက်ခဲ ရန်ပြုခြင်းဘေးမှ ကင်းဝေးစေပါသည်။