Thursday, March 6, 2014

ဖုံးကွယ်ခြင်း သုံးပါး

ဖုံးကွယ်ခြင်း သုံးပါး

“ဟောသည်စာက မိုးကုတ်မြို့၊ အနောက်ပိုင်း၊ပန်းမရွာသစ်၊မွေ့ရာဆိုင်မှ ကိုကျော်မောင်ဆိုသူက မေးလျှောက်တဲ့ စာလွှာဖြစ်ပါတယ် ဘုရား”

“ကိုကျော်မောင်ရဲ့ အမေးက ဘာများတုန်း”

“သူ့အမေးက အချက်နှစ်ချက်ပါပါတယ် ဘုရား၊ပထမအချက်က (၁)ဘုရားကို စေတီကွယ်တယ်၊ (၂)တရားကိုစာပေ(ဓမ္မကထိက)ကွယ်တယ်၊(၃) သံဃာကိုဘုန်းကြီးကွယ်တယ်ရယ်လို့ ပြောနေကြပါတယ်တဲ့၊ဘယ်လိုကွယ်တယ်ဆိုတာ သိချင်ပါသတဲ့။

ဒုတိယအချက်က(၁) အနိစ္စကို သန္တတိဖုံးကွယ်တယ်၊(၂) ဒုက္ခကို ဣရိယာပထဖုံးကွယ်တယ်၊(၃) အနတ္တကို ဃနဖုံးကွယ်တယ်လို့ဟောပြောနေကြပါတယ်၊ ဘယ်လိုဖုံးကွယ်တယ်ဆိုတာ သိချင်ပါသတဲ့ဘုရား”

“အေး- အဲသည်အချက်နှစ်ချက်အနက် ပထမအချက်ကိုဖြေကြစို့ရဲ့”

“မှန်ပါ -ဖြေတော်မူပါဘုရား”

“ဘုရားကို စေတီကွယ်တယ်၊ တရားကိုစာပေကွယ်တယ်၊သံဃာကို ဘုန်းကြီးကွယ်တယ်ဆိုတဲ့ စကားဟာ ခပ်နက်နက်ဆိုထားတဲ့စကားဖြစ်တယ်၊ သည်စကားကိုခပ်ပေါ့ပေါ့တွက်လိုက်လျှင် မလိုလားအပ်တဲ့ အနက်များပေါ်လာနိုင်တယ်ကွယ့်”

“ဘယ်လိုမလိုလားအပ်တဲ့ အနက်ပါလဲဘုရား”

“ဘုရားကို စေတီကွယ်တယ်ဆိုတော့ စေတီတွေရှိနေသမျှဘုရားစစ်ကို မတွေ့ရဘူး၊ စေတီတွေပျောက်ကွယ်မှာသာ ဘုရားစစ်ကိုတွေ့ လိမ့်မယ်လို့အဲသည်လို မလိုလားအပ်တဲ့အနက်တွေ ဖြစ်လာတက်တယ်၊ သည်ကတစ်ဆင့် တက်ခဲ့လျှင် ကျောက်ဘုရား၊အုတ်ဘုရားရုပ်ပွားတော်,ဆင်းတုတော်, စေတီတော်, ပုထိုးတော်တွေဟာ မည်သို့သော နိဗ္ဗာန်ရောက်ကြောင်းတရားကိုမျှဟောပြနိုင်စွမ်းမရှိတဲ့အတွ က်ဂုဏ်တော်ကိုးပါးဘုရားစစ်မဟုတ်ဘူး၊ဘုရားစစ် မဟုတ်တာကိုဆည်းကပ်ကိုးကွယ် နေသမျှကာလပတ်လုံး စစ်မှန်သောဘုရားရှင်နှင့် မတွေ့ဘူးလို့ အဲသည်လိုအယူလွဲတက်တယ်၊အမှန်ကတော့ ဘုရားရှင် ခန္ဓပရိနိဗ္ဗာန်ဝင်စံတော်မူပြီးတဲ့နောက် ကြွင်းကျန်သောသာသနာတော်အတွက် ဘုရားရှင်ဟာ ဓာတုစေတီဆိုတဲ့ ဓာတ်တော်တွေ၊ဓမ္မစေတီဆိုတဲ့ အသုံးအဆောင်များကိုကိုယ်စားတော်အဖြစ် ထားခဲ့တယ်၊ သက်တော်ထင်ရှားဘုရားရှင်မရှိတဲ့နောက် သည်စေတီတော်တွေဟာဘုရားရှင်ရဲ့ ကိုယ်စားတော်တွေပင်ဖြစ်ကြတယ်၊ဒါကြောင့် သည်စေတီတော်များကို ဖူးမြင်ရခြင်းဟာသက်တော်ထင်ရှားဘုရားရှင်ကို ဖူးမြင်ရခြင်းနှင့် အတူတူပဲ၊သည်အကြောင်းကို ဝိမာနဝတ္ထုပါဠိတော်မှာ -တိဋ္ဌန္တေနဗ္ဗူတေ စာ ပိ၊ သမေစိတ္တေ သမံ ဖလံ။ စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ ။ လို့ပြထားတယ်ကွယ့်”

“မှန်ပါ -အဲသည်ဂါထာ အနက်ဖော်ပေးပါဦးဘုရား”

“အနက်ကတော့သည်လို့ကွယ့်၊တိဋ္ဌန္တေစ -သက်တော်ထင်ရှားမြတ်စွာဘုရား၌လည်းကောင်း၊ နိဗ္ဗူတေ စ - ပရိနိဗ္ဗာန်ဝင်စံကြွသွားမြတ်စွာဘုရား၏ လေးပါးသော စေတီတော်၌လည်းကောင်း၊စိတ္တေ-ကြည်ည်လိုသောစိတ် ပြစ်မှားလိုသောစိတ်သည်၊သမေ -တူမျှသည်ရှိသော်၊ဖလံ - ကောင်းကျိုးဆိုးကျိုးသည်သမံ-တူမျှလေ၏၊ ကသ္မာ-အဘယ်ကြောင့်နည်းဟုမူကား၊ ဟိယသ္မာ-အကြင်ကြောင့်၊စေတောပဏိဓိဟေတု ဟိ -စိတ်ထားကောင်းသောကြောင့်သာလျှင်၊ သတ္တာ-သတ္တဝါတို့သည်၊သုဂတိံ-သုဂတိဘဝသို့၊ ဂစ္ဆန္တိ -လားကြရကုန်၏၊ တသ္မာ-ထို့ကြောင့်၊ဖလံ -ကောင်းကျိုး ဆိုးကျိုးသည်၊သမံ - တူမျှလေ၏”တဲ့ကွယ်။

သည်ဂါထာတော်အရ သက်တော်ထင်ရှားဘုရားနှင့်စေတီတော်ဟာ အတူတူပါပဲ၊ ဘုရားရှင်ရဲ့သာသနာတော်မှာသာသနာတော်ကိုထိန်းတဲ့ စေတီတော်တွေမရှိဘူးဆိုလျှင် သာသနာတော်ကွယ်တာပါပဲ၊ပရိယတ္တိသာသနာ, ပဋိပတ္တိသာသနာ,အဓိဂမသာသနာ, လိင်္ဂသာသနာ,ဓာတုသာသနာဆိုတဲ့သာသနာတော် ငါးပါးမှာဓာတုသာသနာတော်ဟာ နောက်ဆုံးကွယ်တဲ့ သာသနာတော်ဖြစ်တယ်၊ဘုရားရှင်ရဲ့ ဓာတ်တော် မွေတော်ဟာ သာသနာတော်ကွယ်သည့် တိုင်အောင် လူနတ်ဗြဟ္မာတို့ရဲ့ ကောင်းကျိုးအတွက်တည်နေကြပါသေးတယ်၊နောက်ဆုံး လုံးဝကိုးကွယ်ပူဇော်သူမရှိတော့ဘူးဆိုမှ ကွယ်ပျောက်တော်မူကြတယ်၊ဒါကြောင့် စေတီတော်ဆိုတာ ဘုရားရှင်နှင့်အတူတူပါပဲ၊ ဘုရားရှင်နှင့် အတူစိတ်ထားနိုင်လျှင်ကောင်းကျိုးလည်းတူပါတယ်၊ စေတီတော်ကို ပူဇော်လို့ကောင်းကျိုးရတဲ့ ဝတ္ထုသာဓကတွေ အများအပြားရှိသလိုစေတီတော်ကို ပြစ်မှားမိလို့မကောင်းကျိုးရတဲ့ဝတ္ထုသာဓကတွေလည်း အများအပြားရှိပါတယ်။

ထိုထိုဝတ္ထုသာဓကတွေကို ထောက်ဆကြည့်ပါလျှင်သက်တော်ထင်ရှားဘုရားရှင်နှင့် စေတီတော်ဟာ အတူတူပါပဲ၊လောကီဥပမာအားဖြင့် နံ့သာပင်ကြီးသေသွားပြီးတဲ့နောက်နံ့သာသားတွေဟာ နံ့သာပင်ကြီးကဲ့သို့လူတို့ရဲ့ အကျိုးကို ဆောင်နေသလိုဘုရားရှင်မရှိတဲ့နောက် စေတီတော်တွေဟာ ဘုရားရှင်ကဲ့သို့ လူနတ်ဗြဟ္မာတို့ရဲ့ အကျိုးကိုသယ်ပိုးဆောင်ရွက်ဆဲရှိနေပါတယ်၊ သည်အထောင်အထားကို ကြည့်ပြီးဘုရားကို စေတီကွယ်တယ်လို့ခပ်ပေါ့ပေါ့ မဆိုသင့်ပါဘူး၊ မဆိုသင့်ပါဘဲ ဘာကြောင့်ဆိုထားတာလဲ ဆိုလျှင် ဆိုသင့်တဲ့အကြောင်းလည်းရှိသေးလို့ပါပဲ၊ ဆိုသင့်တဲ့အကြောင်းက ဘုရားရှင်ကို အာရုံပြုတဲ့ အနုဿတိတရားဆိုတာအပြင်ဒြပ်မျှဖြစ်တဲ့ ဘုရားရှင်ရဲ့ ရုပ်ပုံတော်ကို အာရုံပြုရမှာမဟုတ်ဘူး၊အရဟံအစ ဘဂဝါအဆုံးရှိတဲ့ဘုရားရှင်ရဲ့ဂုဏ်တော်များကို အဖန်တလဲလဲအောက်မေ့ရမှာ ဖြစ်တယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာဗုဒ္ဓါနုဿတိအခန်းမှာ “ဤဆိုလတ္တံ့သည်ကားထိုဂုဏ်တော်ကိုးပါး၌ အဖန်တလဲလဲအောက်မေ့ရပုံနည်းတည်း၊ ထိုမြတ်စွာဘုရားသည်ဤသို့သော အကြောင်းကြောင့်လည်းအရဟံမည်တော်မူ၏”စသော အားဖြင့် ဖွင့်ပြထားတယ်၊ဘုရားရှင်ရဲ့ဂုဏ်တော်ကို ပွားများအောက်မေ့ရမည့်နေရာတွင်စေတီတော်က ကွယ်နေသည်မည်တယ်၊အဲသည်လိုစေတီမကွယ်ဘဲ ဂုဏ်တော်ကို သတိရဖို့ အတွက် ဘုရားကို စေတီကွယ်တယ်လို့ ပြောဆိုကြခြင်းဖြစ်တယ်ကွယ့်”

“မှန်ပါ -တရားကို စာပေကွယ်တယ်ဆိုတာလည်းအမိန့်ရှိပါဦ”

“တရားဆိုတာ ဘုရားရှင် ၄၅-ဝါကာလအတွင်းဟောကြားတော်မူခဲ့တဲ့ပိဋတ်တော်တွေပဲ၊ ပိဋကတ်တော်ကို ဟောကြားသူကဓမ္မကထိက, ပိဋကတ်တော်ရေးမှတ်ထားတာက စာပေ,ဟုတ်ရဲ့လား”

“ဟုတ်ပါတယ် ဘုရား”

“ပိဋကတ်တော်ဟာ ဆောင်ထားသူ၊ ဟောကြားသူမရှိသော်လည်းကောင်း၊ပ-ပုရပိုက်, စာရွက်, ကျောက်သားစသည်တို့အပေါ် ရေးမှတ်ထားခြင်း မရှိသော်လည်းဤကမ္ဘာမှာတည်နေနိုင်ပါ့မလား”

“တည်နိုင်မည်မဟုတ်ပါဘုရား”

“အေး- သည်လိုဆိုလျှင် တရားတော်ကို စာပေကွယ်တယ်၊ဓမ္မကထိကဘာဏကဆောင်များ ကွယ်တယ်လို့ကောဆိုသင့်ပါရဲ့လား”

“မဆိုသင့်ပါ၊တရားတော်ဟာ စာပေနှင့်ဓမ္မကထိကပုဂ္ဂိုလ်ဘာဏကဆောင်ပုဂ္ဂိုလ် စာသင်စာချပုဂ္ဂိုလ်များကြောင့် ထွန်းလင်းတောက်ပလာတယ်လို့သာ ဆိုသင့်ပါတယ်ဘုရား”

“ဟုတ်တာပေါ့ကွယ်၊ ယခု သာသနာတော်ရဲ့အသက်ဟာ၂၅၀၀-က ကျော်လွန်လာပြီ၊ သည်မျှရှည်ကြာအောင် သာသနာတော်ကို ဘယ်သူတွေ သယ်ဆောင်လာခဲ့တာလဲဆိုလျှင်ဘာဏကဆောင်ပုဂ္ဂိုလ်ေ တွ,စာသင်စာချပုဂ္ဂိုလ်တွေနှင့် စာပေတွေက သယ်ဆောင်လာခဲ့တာပဲကွယ့်၊နောင်အခါလဲ ဤပုဂ္ဂိုလ်များ စာပေများကသာသနာတော်ကို ဆောင်ယူသွားကြလိမ့်ဦးမယ်၊ သာသနာတော်ကိုဆောင်ယူသွားကြမည့် ပုဂ္ဂိုလ်များ စာပေများမရှိတော့လျှင်သာသနာတော်ကွယ်ပြီလို့ ဆိုရတော့မှပဲ၊ဟုတ်ရဲ့လား”

“ဟုတ်ကြောင်းပါဘုရား”

“အဲသည်အကြောင်းများကြောင့် တရားတော်ကိုစာပေကလည်းမကွယ်ပါဘူး၊စာချပုဂ္ဂိုလ်, စာသင်ပုဂ္ဂိုလ်,တရားဟော ပုဂ္ဂိုလ်တို့ကလည်း မကွယ်ပါဘူး၊မကွယ်သည့်ပြင် ထွန်းလင်းတောက်ပအောင်သာ ပြုလုပ်ကြပါတယ်၊ သို့သော်လည်း တရားကို စာပေကွယ်တယ်ဆိုတဲ့စကားရဲ့ဆိုလိုရင်းက ဘုရားရှင်ရဲ့ တရားတော်ဟာ အလှကြည့်ဖို့,အပျော်နားထောင်ဖို့ မဟုတ်ဘူး၊ကျင့်သင့်တာကို ကျင့်ဖို့၊ရှောင်သင့်တာကို ရှောင်ဖို့ ဟောထားတာဖြစ်တယ်၊အကြင်ပုဂ္ဂိုလ်ဟာ တရားတော်ကိုစာပေ၌မျှသာ ဆုံးနေမည်၊ ဓမ္မကထိက၏အသံမျှ၌သာ ဆုံးနေမည်ဆိုပါလျှင် ထိုပုဂ္ဂိုလ်များကို ရည်ရွယ်ပြီး တရားကိုစာပေကွယ်တယ်,ဓမ္မကထိကကွယ်တယ်လို့ ရှေးဆရာများက ဆိုခဲ့ကြခြင်းဖြစ်တယ်ကွယ့်၊ရှင်းပါရဲ့လား”

“မှန်ပါ -ရှင်းပါတယ် ဘုရား၊ သံဃာကိုဘုန်းကြီးကွယ်တယ်ဆိုတာလည်း အမိန့်ရှိပါဦးဘုရား”

“သံဃာကိုဘုန်းကြီးကွယ်တယ်ဆိုတဲ့ စကားကလည်းအနုဿတိဆယ်ပါးကသံဃာနုဿတိကို ရည်ညွှန်းတဲ့စကားပဲကွယ့်၊သံဃာ နုဿတိ -သံဃာတော်ကို အဖန်တလဲလဲအောက်မေ့နေရမယ်ဆိုသော်လည်း ဝါဝါဝတ်ထားသော ဘုန်းကြီးအပေါင်းကို ဆိုလိုသည်မဟုတ်၊ ထိုဘုန်းကြီးအပေါင်းရဲ့သန္တာန်မှာတည်ရှိတဲ့ သုပ္ပဋိပန္နအစ ပုညက္ခေတံ္တအဆုံးရှိတဲ့ဂုဏ်တော်ကို ဆင်ခြင်ပွားများရမှာဖြစ်တယ်၊အတွင်းက ဂုဏ်တော်ကို မမြင်ဘဲ အပြင်အပသဏ္ဌာန်မျှကိုသာမြင်နေလျှင် ဂုဏ်တော်ကိုပုဂ္ဂိုလ်ကဖုံးနေလို့သံဃာကို ဘုန်းကြီးကွယ်တယ်လို့ ဆိုကြတာပဲ၊သို့သော်လည်း သည်အဓိပ္ပာယ်ကိုသည်လို မကောက်ယူဘဲဘုန်းကြီးတွေဟာ သံဃာမဟုတ်ဘူး၊ ဘုန်းကြီးတွေ ရှိနေသမျှ သံဃာအစစ်ကို မတွေ့ဘူးလို့ ယူဆခဲ့လျှင်အယူအဆတွေချွတ်ချော်ပြီး “ဘုန်းကြီးမပါ၊ သံဃာဆွမ်းကျွေး”ဆိုတဲ့ ဂိုဏ်းထဲပါသွားတက်တာပေါ့ကွယ့်၊ဒါကြောင့်မို့ သည်စကားသုံးရပ်ဟာ နက်နက်တွေးမှ အဖြေမှန်ပေါ်တယ်၊ ပေါ့ပေါ့တွေးလျှင် အယူမှားဖြစ်တက်တာမို့လေးလေးနက်နက်ယူဆကြဖို့ သတိပေးလိုက်ပါတယ်ကွယ်”

“ဒုတိယအချက် ဖုံးကွယ်ခြင်းသုံးပါးကိုလည်းအမိန့်ရှိပါဦး ဘုရား”

“အနိစ္စကို အန္တတိဖုံးကွယ်တယ်၊ ဒုက္ခကိုဣရိယာပထဖုံးကွယ်တယ်၊အနတ္တကို ဃနဖုံးကွယ်တယ်ဆိုတဲ့စကားကို သမ္မောဟ ဝိနောဒနီ အဋ္ဌကထာ အာယတနဝိဘင်္ဂမှာဖွင့်ပြထားပြီး ဖြစ်တယ်ကွယ့်”

“ဘယ်လိုဖွင့်ပြပါသလဲဘုရား၊အမိန့်ရှိပါဦး”

“ဖွင့်ပြပုံက ဒီလိုကွယ့်၊ အနိစ္စ, ဒုက္ခ,အနတ္တဆိုတဲ့သည်တရားသုံးပါးတို့ဟာ အမှန်ထင်ရှားသော တရားဖြစ်ပါလျက် အဘယ်ကို နှလုံးမသွင်းခြင်းကြောင့်မထင်သလဲ၊အဘယ်ကိုထိုးထွင်း၍ မသိခြင်းကြောင့်မထင်သလဲ၊အဘယ်တရားဖြင့် ဖုံးလွှမ်းခြင်းကြောင့်မထင်သလဲ၊ဤသို့ မေးငြားအံ့-အနိစ္စမထင်သော အကြောင်းကိုရှေးဦးစွာငါဆိုမယ်တဲ့၊ အနိစ္စဆိုတဲ့မမြဲသောတရားဟာ ဧကန်ရှိသောတရားဖြစ်သော်ငြားလည်းရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို နှလုံးမသွင်းခြင်းကြောင့်ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို ထိုးထွင်းပြီးမသိဘူး၊အဖြစ်အပျက်ကို မသိတဲ့အတွက်သန္တတိဆိုတဲ့ရုပ်အစဉ် နာမ်အစဉ် ဖုံးလွှမ်းနတယ်၊ဒါကြောင့်အနိစ္စကု မထင်ခြင်းဖြစ်သတဲ့၊ ဒုက္ခတရားဟာလည်းထင်ရှားရှိပါလျက် ရုပ်နာမ်တို့ရဲ့ ဇာတိ, ဇရာ, ဗျာဓိ, မရဏတို့ကို နှလုံးမသွင်းတဲ့အတွက်ရုပ်နာမ်တို့ရဲ့ ဇာတိ,ဇရာ, ဗျာဓိ,မရဏတို့ကို နှလုံးမသွင်းတဲ့အတွက်ရုပ်နာမ်တို့ရဲ့ဖြစ်ခြင်း,ရင့်ရော်ခြင်း, နာကျင်ခြင်း, ပျက်ခြင်းတို့ကိုမမြင်ဘူး၊ မမြင်ခြင်းကြောင့်လျောင်း-ထိုင်-ရပ်-သွားလေးပါးသော ဣရိယာပုတ်တို့ပြောင်းလဲပေးခြင်းဖြင့် ချမ်းသာသလိုလိုထင်နေတယ်၊ဒါကြောင့် ဒုက္ခတရားကို ဣရိယာ ပုတ်က ဖုံးလွှမ်းနေသတဲ့၊ ခန္ဓာကိုယ်အတွင်းမှာ ခိုင်မာသောအတ္တအနှစ်မရှိရိုးမှန်သော်လည်း အတူးထူးသောဓာတ်ကိုအသီးသီးခွဲခြမ်းခြင်း မရှိတဲ့ အတွက်ဓာတ်အသီးသီးအကြောင်းအကျိုး ဆက်သွယ်နေတာကိုမမြင်ဘူး၊ အကြောင်းအကျိုး ဆက်သွယ်နေတာကိုမမြင်တဲ့အတွက် သန္တတိဃန ဖုံးလွှမ်းနေတယ်၊သန္တတိ ဃနဖုံးလွှမ်းနေလို့အနတ္တကို မထင်ဘူးလို့ဖွင့်ပြထားတယ် “သည်လိုဆို အနိစ္စ,ဒုက္ခ, အနတ္တထင်အောင်သည်ဖုံးလွှမ်းထားတာတွေကို ဘယ်လိုလုပ်ပစ်ရမှာလဲဘုရာ့”

“အနိစ္စ, ဒုက္ခ,အနတ္တထင်အောင် ပြုလုပ်နည်းကိုလည်းသမ္မောဟဝိနောဒနီမှာ ဖွင့်ပြထားပါတယ်”

“အမိန့်ရှိဦးဘုရား”

“သမ္မောအဋ္ဌကထာမှာ ဖွင့်ပုံက ဖြစ်ခြင်းပျက်ခြင်းကိုသိမ်းဆည်းပြီးသန္တတိကို ဖျက်ဆီးလိုက်ရင် အနိစ္စလက္ခဏာကိုမဖောက်မပြန် အမှန်အတိုင်းမြင်နိုင်သတဲ့၊မပြတ်ပြင်းစွာနှိပ်စက်ခြင်းကို နှလုံးသွင်းပြီးလျောင်း-ထိုင်-ရပ်-သွား လေးပါးသောဣရိယာပုတ်ကို ခွာကြည့်လိုက်လျှင် ဒုက္ခလက္ခဏာကိုမဖောက်မပြန်အမှန်အတိုင်း မြင်နိုင်သတဲ့၊အထူးထူးသောဓာတ်တို့ကို အသီးသီးခွဲခြမ်းပြိး အစိုင်အခဲထင်နေတဲ့ဃနကို ခွဲကြည့်လိုက်လျှင်အနတ္တလက္ခဏာကိုမဖောက်မပြန် အမှန်အတိုင်းမြင်နိုင်သတဲ့၊သည်လောက်ဆိုလျှင် ကိုကျော်မောင်ရဲ့အမေးဟာပြောလောက်ပါပြီ၊ အကျယ်သိချင်ပါကသေမ္မောဟဝိနောဒနီအဋ္ဌကထာ ဇမ္ဗူ့မိတ်ဆွေမူစာမျက်နှာ၄၃-မှာ ကြည့်ရှုပါလို့ ညွှန်ကြားလိုက်ပါတယ်ကွယ်”

“သာဓု- သာဓု - သာဓု”

***ဆက်ရန်*** ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၇၈) -မဟာပါပလေးပါး

***ကောက်နုတ်ချက်*** နိုင်ငံတော် သြဝါဒါစရိယ၊မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး) ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများအတွဲ(၂) (စာမျက်နှာ ၂၀၂ - ၂၀၈) မှ ကောက်နုတ်ပူဇော်ပါသည်။

"ထေရဝါဒရနံ့" မှ ပြန်လည်ရေးသားပူဇော်ပါသည်။

No comments:

Post a Comment